Local News

စျေး‌ကောင်းရရှိနေတဲ့ ကြာချည်

Last Updated:

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ဝက်သဲကန်မှထွက်ရှိသော ကြာများကို ကြာချည်ထုတ်လုပ်ရောင်းချလျှက်ရှိရာ စျေးကောင်းရရှိနေတာကို တွေ့ရပါတယ်။ ကြာချည်ကို ဧပြီလမှ အောက်တို ဘာလအထိ ထုတ်ယူရာတွင် အစေးထွက်ရှိမှုကောင်းပြီး နိုဝင်ဘာလနောက်ပိုင်း နှမ်းကျချိန်တွင် အစေးထွက်ရှိမှုနည်းလာပါတယ်။ ကြာပင်(၇၀၀)မှ(၈၀၀)ကျော် အစေးထုတ်မှသာ ကြာချည်(၁)ကျပ်သားနီးပါးသာရရှိတဲ့အတွက် ထုတ်လုပ်ရာမှာ အလွန်လက်ဝင်တယ်လို့ သိရပါတယ်။ ထွက်ရှိလာတဲ့ ကြာချည်များကို ကုန်ကြမ်းအတိုင်း အင်းလေးသို့တင်ပို့ကာရောင်းချကြပြီး ကြာချည်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်(၁၀)ဦးလောက်ရှိတယ်လို့သိရပါတယ်။ ကြာချည်စျေးနှုန်းအနေဖြင့် ကြာချည် (၁)ပိဿာလျှင် (၄)သိန်းခွဲအထိ စျေးကောင်းရရှိနေပြီး ကြာပန်းမှထွက်ရှိတဲ့ ကြာဝတ်ဆံစျေးကတော့ (၁)ပိဿာလျှင် (၃)သောင်းအထိစျေးရရှိပြီး ကြာသီးကတော့ (၁)ပိဿာလျှင် (၂၅ဝဝ)ကျပ်စျေးရရှိနေပါတယ်။ ကြာဝတ်ဆံကိုတော့ ဆေးဖေါ်စပ်ရာတွင် အသုံးပြုကြကာ ကြာသီးကတော့ပြုတ်၍စားလို့ရကြောင်း ကြာချည်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။ ကြာချည်ဖြင့်သက္ကန်းယက်လုပ်ခြင်းတဘတ်  စောင်ယက်လုပ်ခြင်းနှင့် အင်္ကျီစများယက်လုပ်ကာ ဝတ်ဆင်ကြပါတယ်။ ကြာချည်သည် ရာသီဥတုမရွေး ဝတ်ဆင်နိုင်ကာ ဝတ်ဆင်သူအဖို့ အေးမြပြီးပေါ့ပါးလန်းဆန်းစေပါတယ်။ မြန်မာတို့ရဲ့ရိုးရာအစဉ်အလာတစ်ခုဖြစ်သော ဝါဆိုလပြည့်နေ့တွင် ယက်လုပ်သည့်မသိုးသက္ကန်း သည် ကြာချည်ဖြင့်လည်း ယက်လုပ်နေတာကို တွေ့ရတဲ့အတွက် ရိုးရာအစဉ်အလာအနေဖြင့် အသုံးပြုကြတာကိုတွေ့ရပါတယ်။ အရည်အသွေးကောင်းတဲ့ ကြာချည်ကို ကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချမည့်အစား နည်းပညာဖြင့်ယက်လုပ်ကာ ပိတ်စအဖြစ် ရောင်းချပါက တစ်ကိုက်လျှင်(၉၉ဝဝဝ)ကျပ်အထိရရှိသည့်အတွက် ကုန်ချောအဖြစ်ထုတ်လုပ်ကာ တင်ပို့ရောင်းချသင့်ပါကြောင်း အကြံပြုရေးသားတင်ပြလိုက်ပါသည်။

Category: Local News